လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်သည် နယ်စပ်တွင် တင်းမာမှုများမြင့်တက်လာခြင်းနှင့် ပတ်သက်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်တို့နှင့် သီးခြားစီ ဖုန်းဆက်ဆွေးနွေးခဲ့သည်။
Banteay Meanchey ပြည်နယ် Prey Chan ကျေးရွာတွင် လူအများအပြားဒ-ဏ်ရာရခဲ့သည့် ထိုင်းတပ်ဖွဲ့ဝင်များနှင့် ကမ္ဘောဒီးယားအရပ်သားများအကြား မကြာခင်ကဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများနှင့် ပတ်သက်၍ ဟွန်မာနက်က အန်ဝါကို ရှင်းပြခဲ့သည်။
လက်ရှိအခြေအနေကို ထိန်းသိမ်းခြင်းအားဖြင့် တင်းမာမှုကိုလျှော့ချရာတွင် အထောက်အကူဖြစ်စေရန်၊ အရှိန်မြင့်တက်လာမှုကို ကာကွယ်ရန်နှင့် ကမ္ဘောဒီးယားနှင့် ထိုင်းအထွေထွေနယ်ခြားကော်မတီ(GBC) ၏ စက်တင်ဘာ ၁၀ ရက်က အထူးအစည်းအဝေးတွင်ရရှိခဲ့သော သဘောတူညီချက်နှင့်အညီ ပူးတွဲနယ်နိမိတ်ကော်မရှင်(JBC) မှတဆင့် ပြဿနာကိုဖြေရှင်းရန်အတွက် မလေးရှားနိုင်ငံက ချက်ချင်းကြားဝင်ဆောင်ရွက်ပေးရန် ၎င်းက တောင်းဆိုခဲ့သည်။
ထို့အတူ အန်ဝါသည် ယင်းကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်နှင့်လည်း ဖုန်းဆက်ဆွေးနွေးခဲ့သည်ဟု အန်ဝါ၏ ဖေ့စ်ဘုတ်ပို့စ်ကို ကိုးကားကာ ဘနားမားသတင်းဌာနက ဖော်ပြခဲ့သည်။ “ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရဲ့ လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေနဲ့ မလိုလားအပ်တဲ့ တင်းမာမှုတွေ မပေါ်ပေါက်စေဖို့၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် အရေးကြီးကြောင်းကို ကျွန်တော် အလေးအနက်ထား ပြောကြားခဲ့ပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
ထို့အပြင် ဖြစ်ပေါ်လာသော ပြဿနာများကို JBC အစည်းအဝေးမှတဆင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးဖြေရှင်းရန်လည်း အန်ဝါက တိုက်တွန်းခဲ့သည်။
တွေ့ဆုံဆွေးနွေးခြင်း၊ သံခင်းတမန်ခင်းနှင့် အပြန်အလှန်နားလည်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု မလေးရှားနိုင်ငံက ယုံကြည်ကြောင်း အန်ဝါက ထပ်လောဂ်ူ ပြောကြားခဲ့သည်။
Ref: ခမာတိုင်းမ်စ်
