ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၈ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ RT TV Channel အယ်ဒီတာချုပ်နှင့် Krasnaya Zvezda သတင်းစာမှ အထူးသတင်းထောက်တို့အား သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဥ် အယ်ဒီတာချုပ်နှင့် အထူးသတင်းထောက်တို့က မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှု၊ နိုင်ငံတကာမှကယ်ဆယ်ရေးနှင့်အကူအညီပေးရေးဆိုင်ရာများကို ကူညီဆောင်ရွက်ပေးခဲ့မှု၊ လူသားချင်းစာနာထောက်ထားမှုဆက်ဆံရေးအပြင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား အခြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို မေးမြန်းခဲ့ကြသည်။
ထို့ပြင် ရုရှားနိုင်ငံတွင်ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားဆိုင်ရာသမိုင်းကြောင်းအပေါ် ထင်မြင်ချက်များ၊ မြန်မာ့တပ်မ တော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့တစ်ဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ယခုစစ်ရေးပြအခမ်းအနားတွင်ပါဝင်ချီတက်မည့်အပေါ်သဘောထားအမြင်၊ အာဆီယံဒေသအတွင်း မြန်မာနိုင်ငံ၏အခန်းကဏ္ဍတို့နှင့် အခြားသိရှိလိုသည်များကိုလည်း နစက ဥက္ကဋ္ဌအား မေးမြန်းခဲ့ကြသည်။
၎င်းတို့၏ မေးမြန်းချက်များအား နစက ဥက္ကဋ္ဌမှ ပြည့်ပြည့်စုံစုံရှင်းလင်းပြောကြားခဲ့ပြီး သတင်းဌာနများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ Krasnaya Zvezda သတင်းစာ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်တံဆိပ်နှင့် စာအုပ်တို့ကို နစက ဥက္ကဋ္ဌထံဂါရဝပြုပေးအပ်ခဲ့ကြသည်။