မိုးရာသီကာလအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုမြှင့်တင်နိုင်ရေးအတွက် နေရာအချို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ထိန်းသိမ်းပြုပြင်မည်ဖြစ်ရာ ဒေသအချို့တွင် ယာယီဓာတ်အားပိတ်မှုများနှင့် ဓာတ်အားပြ-တ်တေ-ာက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းရှိ ၆၆ ကေဗွီ လွိုင်လင်-လဲချား-မိုင်းကိုင် ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသော ဝမ်ကုန်း၊ လဲချားနှင့် မိုင်းကိုင်ဓာတ်အားခွဲရုံများတွင် ဓာတ်အားလက်ခံစက်ပစ္စည်းများနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်းရှိ စက်ပစ္စည်းများကို စစ်ဆေးထိန်းသိမ်းပြုပြင်မည်ဖြစ်သဖြင့် ဇွန် ၂၇ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်သည်။ ယင်းကာလအတွင်း လွိုင်လင်၊ ပင်လုံနှင့် လဲချားမြို့နယ်များ၌ ယာယီဓာတ်အားပြ-တ်တေ-ာက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်းကွန်ရက်၏ ဆက်သွယ်ရေးနှင့် ကာကွယ်ရေးစနစ်များ အဆင့်မြှင့်တင်နိုင်ရန် ၂၃၀ ကေဗွီ ဝါးတရာ-လှိုင်သာယာ၊ အနောက်ပိုင်းတက္ကသိုလ်-ရွာမနှင့် ရွာမ-လှိုင်သာယာ ဓာတ်အားလိုင်းများကို ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ယာယီဓာတ်အားပိတ်၍ ဖိုက်ဘာကြိုး အစားထိုးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့ရှိ ၂၃၀/၆၆/၁၁ ကေဗွီ အောင်လံပင်မဓာတ်အားခွဲရုံသစ်နှင့် မဟာဓာတ်အားလိုင်း ချိတ်ဆက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တောင်တွင်းကြီး-ရွှေတောင် ဓာတ်အားလိုင်းကို ဇွန် ၂၇ ရက်နှင့် ဇူလိုင် ၄ ရက်တို့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ယာယီဓာတ်အားပိတ်၍ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရန်ကုန်၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ အချို့နေရာများတွင် ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းနိုင်သဖြင့် ဝန်အားထိန်းညှိမှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်သုံးစွဲမှု အများဆုံးအချိန်များတွင် ယာယီဓာတ်အားပြ-တ်တေ-ာက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။
ဓာတ်အားခွဲရုံတစ်ခုကို တာဝန်ရှိသူများ စစ်ဆေးစဉ်(ဓာတ်ပုံ-MOEP)
