ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြို့သားများစွာ ဖူးမြှော်ခဲ့ကြသည်။
မုံရွာမြို့၊ ရန်ကင်းရပ်၊ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော
တိကဓဇ၊ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသပျံလွန်တော်မူသည့် ဧပြီလ (၁၈)ရက်မှ ဧပြီလ(၂၆)ရက်
နံနက်(၇)နာရီအချိန်တိုင်း ဆွမ်းစဥ်ခြင်းကို ပြုလုပ်ခဲ့သည်။
ဆရာတော်ကြီးရုပ်ကလာပ်ကို ဧပြီလ(၂၅)ရက်က ယာယီစံကျောင်းတော်မှ ဗဟိုစံကျောင်းတော်သို့ စံကျောင်းချအခမ်းအနားကျင်းပခဲ့ပြီး နေ့လယ်ပိုင်းတွင် မန္တလေးချိုတူးအဖွဲ့က ဧယာဥ်ကျူးသည်။
ဧပြီလ (၂၆)ရက် ၊ နံနက် (၇)နာရီ ဆွမ်းစဥ်အပြီးတွင် သရဏဂုံတင် အခမ်းအနားကျင်းပကာ မုံရွာဇင်မာအောင်အဖွဲ့ကဧယာဥ်ကျူးကာ မွန်းလွဲ (၂)နာရီခွဲတွင် ရန်ကင်းကျောင်းတိုက်မှ အဂ္ဂိစျာပနကွင်းသို့ ပင့်ဆောင်ကြသည်။
အဂ္ဂိစျာပနကွင်းတွင် ဥတုဇရုပ်ကလာပ်တော်ကို ညနေ (၅) နာရီခွဲအချိန် အစီအစဥ်အတိုင်း မီးပူဇော်ခဲ့ကြပြီး ဧပြီလ(၂၇) ရက် ၊နံနက် (၆)နာရီတွင် ကြွင်းကျန်ရစ်သော အရိုးပြာကောက်ယူကာ ချင်းတွင်းမြစ်အတွင်း ဥဒကဝါဟန အရိုးပြာရေမျှောကြမည်ဖြစ်သည်။
