ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များဆွေးနွေး
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ယမန်နေ့ က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာ – ပါကစ္စတန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်၊ ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
