ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲ ဖြစ်သော ဒီဝါလီ သို့မဟုတ် ဒီပါဝလီနေ့သည် ယခုနှစ်တွင် အောက်တိုဘာ (၂၀) ရက်တွင် ကျရောက်မည် ဖြစ်သည်။
အောက်တိုဘာ (၁၈) ရက် နှင့် (၁၉) ရက် သည် စနေ၊ တနင်္ဂနွေ ပိတ်ရက်များ ဖြစ်သောကြောင့် ရုံးပိတ်ရက် (၃)ရက် ရရှိမည်လည်း ဖြစ်သည်။
ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်တို့၏ ကျော်ကြားလှသည့် ပွဲတော်များမှ တခုဖြစ်ပြီး နေအိမ်များ၊ ဆိုင်ခန်းများ၊ ရုံးခန်းများ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦးများတွင် ပွဲတော်ကာလ၌ မီးတို့ကို လှပစွာထွန်းကြခြင်း ဖြစ်သည်။
ပွဲတော်ကာလသည်လည်း (၅)ရက်နီးပါး ကြာမြင့်တတ်ပြီး ဂရီးဂိုးရီးယန်း ပြက္ခဒိန်အရ ပွဲတော်ကို အောက်တိုဘာလ လလယ်နှင့် နိုဝင်ဘာလလယ်၊ သီတင်းကျွတ်လကွယ်နေ့တွင် ကျင်းပလေ့ရှိသည်။
