ဒီဇင်ဘာလက ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းပါတယ်။ အေးချမ်းတယ်။ လတ်ဆတ်တယ်။ နယ်မြို့လေးတွေမှာဆို ဒီဇင်ဘာလကို ရန်ကုန်ထက် ပိုခံစားလို့ကောင်းတာ တွေ့ရမှာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ အဆိုတော်မလေး ပြုံးမြသွယ်က ‘Hello December’ ဆိုတဲ့ သီချင်း Music Video ကို အွန်လိုင်းပေါ်တင်ပြီး မိတ်ဆက်လိုက်ပါတယ်။ ပရိသတ်ကြိုက်ကြတဲ့ ဒီသီချင်းလေးနဲ့ပတ်သက်ပြီး ပြုံးမြသွယ်က..
” Hello December ကို ကို J.Fire ရေးပေးထားတာပါ။ အဲဒီသီချင်းက ဒီဇင်ဘာနဲ့ ပတ်သက်ပြီးတော့ ခံစားလို့ကောင်းတယ်။ ဒီဇင်ဘာပြီးသွားလို့ရှိရင် လွမ်းနေဦးမယ်။ အမြဲအမှတ်ရနေဦးမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့သူတွေကလည်း ဒီသီချင်းကို ကြိုက်ကြတယ်။ ဒီဇင်ဘာလမှာမွေးတဲ့သူတွေက ဒီသီချင်းကို ပိုပြီးတော့ အားပေးကြပါတယ်”လို့ ဆိုပါတယ်။ ပြုံးမြသွယ်က..
” သမီးအသက် ၁၃ နှစ်ထဲ ရောက်နေပါပြီ။ ကျောင်းကတော့ တောင်ကြီး Total Brain Works မှာတက်နေတုန်းပါပဲ။ အခုက ၆ တန်းပါ။ ဒီဇင်ဘာလထဲမှာ ကျောင်း လည်း ပိတ်တော့မယ်။ စာမေးပွဲလည်း ဖြေခါနီးနေပါပြီ” လို့ သူမကိုယ်သူမ မိတ်ဆက်ပါတယ်။ သူမက J.Fire ရဲ့ မန္တလေးတပင်ရွှေထီးစီးရီးခွေမှာလည်း J.Fire နဲ့အတူသီချင်းတစ်ပုဒ် ပါဝင်သီဆိုထားပါ သေးတယ်။ ” ကို X-Box တို့၊ ကို G.Fatt တို့ထဲမှာပါတဲ့ သီချင်းတွေကတော့ ဟစ်ဟော့ပ်ဘက်ကိုသွားတာ ပေါ့နော်။ ဒီထဲမှာကျတော့ ကို J.Fire က Rap ဆိုတယ်။ သမီးက Melody ဆိုတယ်။ နည်းနည်းတော့ ကွဲသွားပါတယ်။ သီချင်း နာမည်က “ဘာရယ်ကြောင့်မှန်းမသိ” ပါလို့ သူမကပြောပါတယ်။ ” ထွက်သမျှ သီချင်းတွေထဲမှာ အမှားလေးတွေပါခဲ့ရင် သမီးကို ဝေဖန်ပေးကြပါ” လို့ဆိုတဲ့ ပြုံးမြသွယ်က ၂ဝ၁၇ ခုနှစ်ထဲမှာ တစ်ကိုယ်တော်စီးရီးခွေထွက်ဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။
မျိုးမောင်