ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၀ ရပ်ကွက်၏ ၄၀ စျေးသို့ စျေးဝယ်ရန်ထွက်လာသည့် လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း)ဦးရွှေဝင်း(၆၄)နှစ်သည် ဇန်နဝါရီ ၂၀ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီကျော်ခန့်က အမည်မသိအမျိုးသား ၂ ဦးသည် (၄၀)ရပ်ကွက်ရှိ (၄၀)စျေးသို့ စျေးဝယ်ရန် လမ်းလျှောက်လာသည့် လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း)ဦးရွှေဝင်းအား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
“ပစ်ခတ်မှုဖြစ်တယ်ဆိုတာဟုတ်တယ် ပစ်ခံရတာက စာရင်းစစ်ဌာနမှာအလုပ်လုပ်ခဲ့တဲ့ အငြိမ်းစားတစ်ယောက်ပါ သူက (၄၀)ရပ်ကွက်မှာနေတာ လူနာတင်ကားနဲ့ဆေးရုံပို့ပေးလိုက်တယ်တဲ့ ကျွန်တော်တို့အသင်းကိုဖုန်းဆက်ခေါ်တာတော့မရှိပါဘူး”ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း)ဦးရွှေဝင်း၏ နဖူးတွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် တပ်မတော်ခုတင် ၁၀၀၀ ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။