ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်စပ်အနီးတွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးမှောင်ခိုသမားနှစ်ယောက်ထံမှ မက်သမ်ဖက်တာမင်းဆေးပြား ၄ ဒဿမ ၄ သန်းကျော်ကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။
သံသယရှိသူများသည် မယ့်ဖာလန်ခရိုင်တွင် နေထိုင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။ ၎င်းတို့သည် အသက် ၄၁ နှစ်အရွယ် စီရာနှင့် ၃၄ နှစ်အရွယ် စီရီဆိုသူတို့ဖြစ်ကြောင်းရဲက သတင်းထုတ်ပြန်ထားသည်။
မှောင်ခိုသမားများသည် နယ်စပ်ခရိုင်ဖြစ်သော ချင်းဆန်မှတဆင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်သွားသည်ဟူသော ထောက်လှမ်းရေးသတင်းရခဲ့ပြီးနောက် တာဝန်ရှိသူများက သောကြာနေ့တွင် ၎င်းတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရေးဂိတ်တွင် သံသယဖြစ်ဖွယ်ရှိ သော အီစူဇူးပစ်ကပ်ကိုရပ်တန့်ရန် ရဲက ဟန့်တားခဲ့ချိန်တွင် ၎င်းတို့က အရှိန်မြှင့်မောင်းပြေးခဲ့ကြသော်လည်း မကြာမီတွင် လမ်းဘေး၌ ကားရပ်သွားခဲ့သည်။
၎င်းတို့ကားပေါ်တွင် အိတ်အားလုံး၌ မူးယစ်ဆေးပြားများထည့်ထားသည့် အိတ် ၂၄ လုံးကို တွေ့ခဲ့ကြသည်။
မူးယစ်ဆေးဝါးများကို သက်သေအဖြစ် သိမ်းဆည်းခဲ့ကာ ဖြစ်စဉ်တွင် အခြားပါဝင်ပတ်သက်သူများရှိ မရှိ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: ဘန်ကောက်ပို့စ်
