ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ မင်းသုံးပါးရုပ်ထုရင်ပြင် ၌ ဇန်နဝါရီ ၂၆ ရက်ကကျင်းပသည့် ၂၀၂၄ ခုနှစ် ၊ ဇူလိုင် ၂၈ ရက်ကကျရောက်သော ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ (၇၂)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် တော်ဝင်အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်း တက်ရောက်ခဲ့သည်။
မွေးနေ့အထိမ်းအမှတ် တော်ဝင်အခမ်းအနားအား ထိုင်းနိုင်ငံ(မြောက်ပိုင်း)ရှိ တော်ဝင်မျိုးနွယ်များက ထိုင်းနိုင်ငံဘုရင် မဟာဝိဇယလောင်းကွန်းနှင့် မိဖုရားတို့၏ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ကျက်သရေတိုးပွားစေရန် ရှေးခေတ်လန်နားဘုရင့်နိုင်ငံ၏ ရိုးရာအစဉ်အလာထုံးတမ်းများနှင့် အညီ Bai Sri Su Khwan ကိုကျင်းပခဲ့ကြခြင်းဖြစ်သည်။
အခမ်းအနားသို့ ထိုင်းနိုင်ငံဘုရင် မဟာဝိဇယလောင်ကွန်းနှင့် မိဖုရား၊ ဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ ပြည်ထဲရေး၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။
ထို့ပြင် ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ထိုင်းနိုင်ငံ (မြောက်ပိုင်း)ရှိ တော်ဝင်မိသားစုများ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် ပြည်သူများလည်းတက်ရောက်ခဲ့ကြသည်။