ထိုင်းနိုင်ငံ(မြောက်ပိုင်း)တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းမှ ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူး Mr. Thosaphon Phuean- udom နှင့် စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းက တွေ့ဆုံစဥ်ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)အား ထိုင်းနိုင်ငံ(မြောက်ပိုင်း)တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အဆင်ပြေလွယ်ကူချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပြောကြားသည်။
ထို့ပြင် ချင်းမိုင်ခရိုင်နှင့် ချင်းမိုင်မြို့၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အကျိုးကာကွယ်စောင့်ရှောက်ရေး ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့ကြုံတွေ့လျက်ရှိသည့်အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ လက်ရှိမြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံစာအုပ်(CI)ထုတ်ပေးလျက်ရှိမှုကို ဆွေးနွေးပြောကြားသည်။
ထို့အတူ ချင်းမိုင်ခရိုင်နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံနယ်စပ်မြို့များသို့ မူးယစ်ဆေးဝါးများချက်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ တရားမဝင်လမ်းကြောင်းများမှတဆင့် ဝင်ရောက်နေမှုအပေါ်ကာကွယ်တားဆီးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
