ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဗန်ကောက်မြို့၊ Chatuchak နယ်မြေရှိ ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျ ပျက်စီးခဲ့မှုကြောင့် မြန်မာအလုပ်သမားများထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံများတွင်တက်ရောက်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူများအနက် Vajira ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေရသည့် မြန်မာအလုပ်သမား(၂)ဦးနှင့် Phyathai ဆေးရုံ၌တက်ရောက်ကုသမှုခံယူနေရသော မြန်မာအလုပ်သမား(၂)ဦးတို့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ သံအမတ်ကြီးဦးဇော်ဇော်စိုးမှ ဧပြီ ၉ ရက်နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံပြီးနောက် သံအမတ်ကြီးမှ မြန်မာအလုပ်သမားများကို အားပေးစကားပြောကြားပြီး မြန်မာသံရုံးမိသားစုမှလှူဒါန်းသည့် ထောက်ပံ့ငွေနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် သံအမတ်ကြီးသည် Khet Chatuchak နယ်မြေ၌ငလျင်လှုပ်ခတ်၍ ဆောက်လုပ်ဆဲ အဆောက်အဦပြိုကျပျက်စီးမှုကြောင့် ေ-သဆုံးခဲ့ရသော ဒေါ်စိန်စိန်ညွန့် (၃၉)နှစ် ၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနှင့် မကွေးတိုင်း၊ မင်းလှမြို့မှ ဦးကိုကို (၃၆)နှစ် ၏ ဖခင်ဖြစ်သူ ဦးတင်ငွေတို့အား ဧပြီ ၉ ရက်မွန်းတည့် ၁၂ နာရီခွဲတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာအစိုးရကိုယ်စား စာနာဝမ်းနည်းကြောင်းပြောကြားပြီး မြန်မာသံရုံးမိသားစုမှလှူဒါန်းသည့် ထောက်ပံ့ငွေနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှလှူဒါန်းသော စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
