ထိုင်းအစိုးရသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ငွေလိ-မ်ဂိုဏ်းများကို တိုက်ပွဲအရှိန်မြှင့်သွားရန်ရှိနေပြီး ကြံရာပါဟု သံသယရှိသူများကို နယ်စပ်ဖြတ်ခွင့် ပိတ်ပင်ခြင်း၊ မြန်မာဘက်သို့ ဆိုလာပြားတင်ပို့မှုကို ရပ်ဆိုင်းခြင်းများ ပါဝင်နိုင်သည်ဟု အကြီးတန်း အရာရှိများက ပြောသည်။
လက်ရှိ ငွေလိ-မ်ဂိုဏ်းများကို တိုက်ဖျက်ရေး အစီအမံများကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Chatchai Bahgchuad က အင်္ဂါနေ့(ဖေဖော်ဝါရီ ၁၁) တွင် ပြောကြားခဲ့သည်။
ထိုအစီအမံများဖြင့် မလုံလောက်ဟု တွေ့ရှိရပါက ပိုမိုထိရောက်သည့် နောက်ထပ်အစီအမံများ ချမှတ်သွားမှာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
နောက်ထပ်အစီအမံများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆိုပြုထားသည့် မြန်မာနိုင်ငံသို့ ဆိုလာပြားများ တင်ပို့မှု ရပ်ဆိုင်းခြင်းနှင့် လောင်စာဆီနှင့် မီးဖိုချောင်သုံး ဓါတ်ငွေ့တင်ပို့မှု ထိန်းချုပ်ရေးတို့ ပါဝင်နိုင်သည်ဟု ၎င်းက ဆိုခဲ့သည်။
ငွေလိ-မ်ဂိုဏ်းများနှင့် ဆက်စပ်သည့် သံသယရှိသူများကို အဆိုပါဂိုဏ်းများကျက်စားရာ နယ်စပ်ဧရိယာများသို့ မလာရောက်နိုင်ရန် ကြပ်မတ်ဆောင်ရွက်ဖို့ သူ အမိန့်ပေးသွားမည်ဖြစ်ကာ ယင်းလူများ အနေဖြင့် ထိုင်းမှ မြဝတီဘက် သို့ မကူးနိုင်အောင် ဟန့်တားသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။
မစ္စတာ Phumtham ၏ အဆိုအရ ထိုင်းနိုင်ငံအတွင်းနှင့် နယ်စပ်အနီးတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ငွေလိ-မ်ဂိုဏ်းပေါင်း ၃၀၀ မှ ၄၀၀ အကြားရှိသည်ဟု သိရသည်။
ထိုင်းအစိုးရအနေဖြင့် ငွေလိ-မ်ဂိုဏ်းများသို့ သွေးဆောင်ခံရကာ လုပ်ကိုင်နေကြရသည့် ထိုင်းလူမျိုးများ ပြန်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
