မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါးကို မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန် လုပ်ဆောင်နေ
တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတားတည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
“မော်ကွန်းတံခါးနေရာအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန်၊ မူလတည်ဆောက်ခဲ့သော ကျုံးကူးတံတား၏ သစ်သားတိုင်များအား ရှာဖွေတွေ့ရှိခဲ့သော မူလနေရာတွင် ပြန်လည်တည်ဆောက်ရန်၊ တည်ဆောက်ရာတွင် သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူလပုံသဏ္ဌာန်အတိုင်း တတ်နိုင်သရွေ့ ရှာဖွေပုံစံထုတ်ရန်နှင့် ကြံ့ခိုင်အောင်ဆောင်ရွက်ရန်” ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ပြောကြားခဲ့သည်။
ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ မြဝတီတံခါး သုတေသနပြုတူးဖော်နေမှု၊ ယိုးဒယားပေါက်၊ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော မြို့လေးခံတပ်၊ ပုတ်တလုတ်ကန်နေရာကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
လက်ရှိ မန္တလေးငလျင်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပြည်ကျောင်းတိုက် နှစ်ထပ်အုတ်ကျောင်း၊ နန်းတော်ရာနေရာ သုတေသနပြုတူးဖော်နေပြီး ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးနေရာနှင့် သစ်ရင်းတံခါးတူးဖော်သုတေသနပြု ထိန်းသိမ်းထားရှိထားကြောင်းလည်း သိရသည်။
