တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် မြို့၏ စိုးရိမ်ရေအမှတ် ပေဝက်ခန့် ယနေ့ (ဩဂုတ်၉)တွင် ကျော်နေသောကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရေကြီးသတိပေးချက် ထုတ်ပြန်ထားသည်။
လက်ရှိ၌လည်း တောင်ငူမြို့၏ ၈ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၂၀ ရပ်ကွက်၊ စံပယ်ခြံရပ်ကွက်၊ ပြသောင်ကျေးရွာနှင့်မိုးကောင်း ကျေးရွာအနောက်ပိုင်းများ၌ မြစ်ရေဝင်ရောက်နေကြောင်း သိရသည်။
မိုးဇလ၏ ထုတ်ပြန်ချက်တွင်လည်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၌ နောက်တစ်ရက်အတွင်း ပေဝက်ခန့်ဆက်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
ယနေ့ညနေပိုင်းထိ မိုးဇလ၏ ခန့်မှန်းချက်အရ ကယားပြည်နယ်၌ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့၌ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟုလည်း သိရသည်။
