ဘရာဇီးလီယာ၊ ဇူလိုင် ၂၈
တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ထပ်မံနှောင့်နှေးမှုမရှိဘဲ အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ဘရာဇီးသမ္မတ လူဝီ အင်နာစီယို လူလာ ဒါ ဆေးလ်ဗားတို့ သဘောတူညီခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် သမ္မတ လီဂျေးမြောင်သည် တနင်္လာနေ့က ပြုလုပ်သည့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ သဘောတူညီချက်သည် တောင်ကိုရီးယားကုမ္ပဏီများအတွက် မာကိုဆာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်သကဲ့သို့ ဘရာဇီးနှင့် မာကိုဆာအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက်လည်း တောင်ကိုရီးယားမှတစ်ဆင့် အာရှဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်နိုင်မည့် အခွင့်အလမ်းသစ်များ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာကိုဆာသည် အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံတို့က ၁၉၉၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တောင်အမေရိကဒေသ၏ ကုန်သွယ်ရေးအုပ်စုဖြစ်ပြီး လီသီယမ်၊ နီကယ်နှင့် အခြားအရေးပါသော သတ္တုသယံဇာတများ ပေါကြွယ်ဝသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
တောင်ကိုရီးယားနှင့် မာကိုဆာတို့သည် ၂၀၁၈ ခုနှစ်တွင် FTA ညှိနှိုင်းမှုများ စတင်ခဲ့သော်လည်း နှစ်ဖက်ဆွေးနွေးမှုများမှာ တိုးတက်မှုနည်းပါးခဲ့ပြီး နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သည်။
ထိပ်သီးဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် အရေးပါသော သတ္တုသယံဇာတများ၊ စွမ်းအင်နှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြပြီး စွမ်းအင်၊ အာကာသ၊ ထောက်ပံ့ရေးကွင်းဆက်နှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ခုနစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
Ref: KBS World
