၂၀၂၆ ခုနှစ်အတွက် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ၈ ဒဿမ ၂ ရာခိုင်နှုန်းတိုးကာ ဝမ် ၆၆ ဒဿမ ၃ ဘီလျံအထိ မြင့်တက်လာမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က အောက်တိုဘာလ ၁ ရက်နေ့တွင်ပြောကြားခဲ့ပြီး ခိုင်မာသောလုံခြုံရေးအခြေခံအုတ်ပေါ်တွင်သာ ငြိမ်းချမ်းရေးရနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
တောင်ကိုရီးယားတပ်မတော်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် မိမိကိုယ်ကို ကာကွယ်ရေးစွမ်းဆောင်ရည်များ၏ အရေးပါပုံကို ၎င်းက အလေးထားပြောကြားသွားခဲ့သည်။
“ပူးပေါင်းဆောင်ရွက်မှုနဲ့ အတူတကွ သာယာဝပြောမှုအတွက် အရှိန်အဟုန်က ကမ္ဘာတစ်ဝန်းမှာ အားနည်းလာနေပါတယ်။ လူတိုင်းဟာ ပြဿနာကိုယ်စီနဲ့ ပဋိပက္ခတွေများနေတဲ့ခေတ်ကို ငါတို့ ရောက်ရှိနေကြတယ်” ဟု မစ္စတာလီက ပြောကြားခဲ့သည်။
“ကိုရီးယားပြည်သူ့သမ္မတနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ငါတို့ဟာ တခြားသူကို မှီခိုမနေဘဲ ကိုယ့်စွမ်းအားကို ခိုင်ခံ့စေရမှာဖြစ်တယ်” ဟု တောင်ကိုရီးယားနိုင်ငံ၏ အမည်အပြည့်အစုံကိုသုံးကာ ၎င်းကပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာတိုးမြှင့်ထားပြီး ဒရုန်းများနှင့် စက်ရုပ်များကဲ့သို့ ခေတ်မီနည်းပညာများတွင် အဓိကရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မစ္စတာလီက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံရေးကို လုပ်ဆောင်နေသည့် တောင်ကိုရီးယားသမ္မတက ငြိမ်းချမ်းရေးသည် ခိုင်မာသော လုံခြုံရေးအခြေခံအုတ်မြစ်ရှိမှသာ ဖြစ်နိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်သည် မြောက်ကိုရီးယား၏ ဂျီဒီပီ၏ ၁ ဒဿမ ၄ ဆ ရှိနေခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
