အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ ၂၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ F-35 Lightning II Joint Strike Fighter(ဘက်စုံသုံး တိုက်လေယာဉ်) တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
တိုက်လေယာဉ် တစ်စင်းစီအတွက် အမေရိကန်က Pratt & Whitney F135-PW-100 အင်ဂျင်တစ်လုံးစီ တပ်ဆင်ပေးမှာဖြစ်ပြီး အပိုအင်ဂျင်တစ်လုံးစီကိုလည်း ထည့်ပေးမှာပါ။ ဒါ့အပြင် လုံခြုံရေးအဆင့်မြင့် ဆက်သွယ်ရေးစနစ်တွေ၊ လမ်းကြောင်းရှာဖွေရေး စနစ်တွေနဲ့ အချက်အလက် လျှို့ဝှက်ထိန်းသိမ်းတဲ့ ကိရိယာတွေကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
အမေရိကန် အာဏာပိုင်တွေရဲ့ အဆိုအရ အခုလို ရောင်းချဖို့ အဆိုပြုတာဟာ နေတိုးအဖွဲ့ဝင် မဟုတ်တဲ့ အဓိက မဟာမိတ်နိုင်ငံ တစ်နိုင်ငံရဲ့ လုံခြုံရေးကို မြှင့်တင်ပေးလိုက်တာ ဖြစ်တဲ့အတွက် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို အထောက်အကူပြုစေမယ်လို့ ဆိုပါတယ်။
ဒီတိုက်လေယာဉ်တွေ ရောင်းချလိုက်လို့ ဒေသတွင်း စစ်ရေးအင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားမှာ မဟုတ်သလို အမေရိကန်ရဲ့ ကာကွယ်ရေး အသင့်ဖြစ်မှုအပေါ်မှာလည်း ဆိုးကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ အစိုးရက ပြောပါတယ်။
အရင်က The New York Times (NYT) သတင်းစာမှာ ဖော်ပြခဲ့ဖူးသလိုမျိုးပဲ ဆော်ဒီအာရေးဗီးယားကသာ ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်တွေ ရသွားခဲ့ရင် တရုတ်နိုင်ငံက အမေရိကန်ရဲ့ နည်းပညာတွေကို ရယူသွားနိုင်တယ်ဆိုတဲ့ အချက်ကို အမေရိကန် ထောက်လှမ်းရေးက စိုးရိမ်နေပါတယ်။ သတင်းစာရဲ့ အဆိုအရ အမေရိကန် ထောက်လှမ်းရေး လေ့လာဆန်းစစ်သူတွေကတော့ တရုတ်ဟာ ဆော်ဒီအာရေးဗီးယားမှာ သူလျှိုလုပ်ပြီးဖြစ်စေ၊ ရီယာ့ဒ် (ဆော်ဒီ) နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ F-35 နည်းပညာတွေကို ရယူသွားနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
