မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်း ရွေးချယ်ပြီးဖြစ်
တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကို လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်နှင့် အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ဇွန် ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခိုင်ခိုင်စိုးက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတွင် မူဆယ်မှ မန္တလေးအထိ လမ်းကြောင်းလေ့လာမှု ပြီးစီးသွားပြီဖြစ်ပြီး စီမံကိန်းစတင်အကောင်အထည်ဖော်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်းကို ရွေးချယ်ပြီးဖြစ်သော်လည်း လေ့လာမှုများ ဆောင်ရွက်နေစဉ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် အချို့ဒေသများတွင် လုံခြုံရေးအခြေအနေ စိတ်ချရမှုမရှိသဖြင့် လုပ်ငန်းများကို ယာယီရပ်နားထားရကြောင်း၊ လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသည်နှင့် အမြန်ဆုံး ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အလားတူ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အမြန်ဆုံးအပြီးသတ်နိုင်ရေးအတွက် လိုအပ်သည့် သဘောတူညီချက်များ ရရှိပြီးဖြစ်ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် အဓိကလိုအပ်ချက်မှာ နယ်မြေလုံခြုံအေးချမ်းရေးဖြစ်ပြီး နယ်စပ်ဒေသများတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်လာသည်နှင့် ချက်ချင်းပြန်လည်စတင်သွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ အိန္ဒိယနိုင်ငံနှင့်လည်း ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းတို့ကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
