တိုင်ပေ၊ဒီဇင်ဘာ ၂၂
ထိုင်ဝမ်၏အရှေ့တောင်လေကြောင်းကာကွယ်ရေးဇုန်သို့ တရုတ်လေယာဉ် ၃၉ စီးဝင်ရောက်လာသဖြင့် သတိပေးရန်ထိုင်ဝမ်ဘက်မှ တိုက်ခိုက်ရေးဂျက်လေယာဉ်များ အရေးပေါ်တက်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်နေ့တွင်ပြောကြားခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ယခုတစ်ခေါက်ဝင်ရောက်လာမှုတွင် တိုက်လေယာဉ် ၂၁ စီး၊ H – 6 ဗုံးကြဲလေယာဉ် ၄ စီးအပြင် ဝေဟင်ဆီဖြည့်လေယာဉ်များလည်း ပါဝင်ကြောင်းသိရှိရသည်။
အဆိုပါလေယာဉ်များသည် Bashi Channel ဟုလူသိများသော လမ်းကြောင်းအတိုင်း ကျွန်း၏အရှေ့တောင်ပိုင်းသို့ပျံသန်းသွားကြောင်း ဝန်ကြီးဌာနကထုတ်ပြန်သော မြေပုံအရသိရှိရသည်။တစ်ချိန်တည်း၌ပင် ထိုင်ဝမ်အနီး၌ တရုတ်ရေတပ်သင်္ဘောသုံးစီးကိုလည်း တွေ့ရှိကြောင်းပြောကြားခဲ့သည်။
ထိုသို့ချဉ်းနင်းဝင်ရောက်လာမှုကြောင့် ထိုင်ဝမ်လေယာဉ်များ အရေးပေါ်ပျံတက်သတိပေးခဲ့ရပြီး တက်သွားသည့်လေယာဉ်များ ဘေးကင်းရေးအတွက်လည်း ဒုံးကျည်စနစ်ဖြင့် စောင့်ကြည့်ထိန်းချုပ်နေကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဒီမိုကရေစီနည်းကျအုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းအား ၎င်း၏ပိုင်နက်အဖြစ်မှတ်ယူထားသည်။ယခုနှစ်ပိုင်းအတွင်း ထိုင်ဝမ်အပေါ်ဖိအားပေးခြင်းလည်းတိုးလာကာ တရုတ်အုပ်ချုပ်မှုအားလက်ခံရန်တိုက်တွန်းခဲ့သည်။
သို့သော်ထိုင်ဝမ်ဘက်ကမူ ၎င်းတို့အနေဖြင့်ငြိမ်းချမ်းရေးလိုချင်သော်လည်း မိမိအားတိုက်ခိုက်မှုပြုလုပ်လာပါက ကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Source : Reuters