တရုတ်နိုင်ငံဘက်မှအဝယ်လိုက်နေသည့်ကုန်များထဲတွင် ပဲတီစိမ်းအနီလည်းပါဝင်နေပြီး လိုသလောက် မပေးနိုင်ကြောင်း မန္တလေးပဲကုန်စည်ဒိုင်မှ သိရသည်။
အဆိုပါ ပဲတီစိမ်းအနီကို ဧရာဝတီုင်းဒေသကြီး၊ ဟင်္သတမြို့နယ်တဝိုက်တွင် စိုက်ပျိုးပြီး မန္တလေး ပဲကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။
“သုံးတင်းတအိတ်ကို ၅၆.၂၅ပိသာ ဝင်တယ်။တတင်းကို တသိန်းကျော် ကျော်ရှိနေတယ်။ပစ္စည်းရှားပါတယ် သုံးတင်းတအိတ် ၃သိန်းကျော်ပါတယ်”ဟု ပဲလုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
လက်ရှိတွင် မန္တလေးပဲမျိုးစုံ ရောင်းဝယ်ရေးကုန်စည်ဒိုင် ဈေးကွက်အတွင်း ပဲတီစိမ်းအနီသုံးတင်းဝင်တစ်အိတ် ကို ၃၀၀၀၀၀ ကျော်ကျပ်ဖြင့် ဈေးဖွင့်ရောင်းချလျှက်ရှိပြီး ဈေးကွက်အတွင်း ပဲတီစိမ်းအနီများ ရှားပါးလျှက် ရှိနေကြောင်း၊ ပဲတီစိမ်းအနီကို မျိုးထုတ်ပေးသည့် ဂျပန်ကုမ္ပဏီမှ အဆိုပါပဲကို ဈေးကောင်းပေးပြန်ဝယ်နေသည့်အပြင် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ပါ တင်ပို့ရောင်းချခြင်းများ ရှိနေသဖြင့် မန္တလေးပဲဈေးကွက်အတွင်း ပဲတီစိမ်းအနီများ ဝင်ရောက်မှု နည်းပါးသည့်အတွက် တရုတ်ဝယ်လက်များကို လိုသလောက် ရောင်းမပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပဲတီစိမ်းအနီကို အထက်မြန်မာပြည်ရှိ ဒေသများတွင် စိုက်ပျိုးရာ၌ ဖြစ်ထွန်းခြင်းမရှိဘဲ ပဲတီစိမ်းအနီမျိုးပဲ တစ်အိတ်လျှင် ၄၃၀၀၀၀ ကျပ်ရှိကြောင်း၊ တရုတ်ဘက်မှ ယခုပေါက်ဈေးထက် ပိုမိုပေးနိုင်ပါက ဧရာဝတီတိုင်းမှ ပဲတီစိမ်းအနီများ မန္တလေးပဲဈေးကွက်အတွင်းသို့ ပို၍ဝင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Photo credit – Aung Thein Oo