တရုတ်နိုင်ငံသည် ဆယ်စုနှစ်သုံးခုအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံ့ဝန်ထမ်းရာထူးနေရာများအတွက် အကြီးဆုံးအသက်အရွယ်ကို ၃၅ နှစ်မှ ၃၈ နှစ်သို့ တိုးမြှင့်ပေးလိုက်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် သက်ကြီးလုပ်သားများကို လုပ်သားအင်အားတွင် ကြာရှည်ထားရှိရန်နှင့် လုပ်သားအင်အားကျဆင်းမှုကို မြှင့်တင်ရန် ရည်ရွယ်သည်။
နိုင်ငံ့ဝန်ထမ်းစားမေးပွဲအတွက်လျှောက်လွှာများကို စတင်လက်ခံမည့် အောက်တိုဘာ ၁၅ ရက်မတိုင်မီ အောက်တိုဘာ ၁၄ ရက်တွင်အသက်ကန့်သတ်ချက်ကို ပြန်လည်ပြင်ဆင်ချက်ကို အာဏာပိုင်များက ကြေညာခဲ့ခြင်းဖြစ်သည်။ အလုပ်လျှောက်ထားသူများသည် အသက် ၁၈ နှစ်မှ ၃၈ နှစ်အတွင်း ရှိရမည်ဖြစ်ကာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရများအတွက် အသက်ကန့်သတ်ချက်ကို အသက် ၄၀ နှစ်မှ ၄၃ နှစ်သို့ တိုးမြှင့်ပေးခဲ့သည်။
“တရုတ်နိုင်ငံသည် တရားဝင်အငြိမ်းစားယူသည့် အသက်အရွယ်ကို ဆွဲဆန့်ထားသည့် နိုင်ငံ၏ မူဝါဒနှင့်အညီ ၂၀၂၆ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ဝန်ထမ်းစားမေးပွဲဖြေဆိုမည့်သူများအတွက် အသက်ကန့်သတ်ချက်ကို သင့်လျော်သလို ပြင်ဆင်သတ်မှတ်လိုက်သည်” ဟု အစိုးရပိုင် ဂလိုတိုင်းမ်စ်သတင်းစာက အောက်တိုဘာလ ၁၅ ရက် နေ့တွင် သတင်းရေးသားဖော်ပြခဲ့သည်။
နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ကျင်းပမည့် ဝန်ထမ်းရွေးချယ်ရေးစာမေးပွဲဖြင့် နိုင်ငံ့ဝန်ထမ်းအသစ် ၃၈,၁၀၀ ကို ခေါ်ယူခန့်ထားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံရာထူးဝန်ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံတွင် အသက်ကြီးလွန်းခြင်း သို့မဟုတ် တွင်ကျယ်စွာ လုပ်ကိုင်နိုင်စွမ်းအားနည်းခြင်းဟူသော အယူအဆကြောင့် အသက်ကြီးသူများ ငြင်းပယ်ခံရနေရသည့် အလုပ်အကိုင်ဈေးကွက်တွင် အသက်အရွယ်ခွဲခြားမှုကို တားဆီးရန်ကြိုးပမ်းခဲ့သည်။ အဆိုပါအလေ့အထကို “၃၅ ကျိန်စာ” ဟု အင်တာနက်အသုံးပြုသူများက ခေါ်တွင်ကြသည်။
နိုင်ငံတော်ကဏ္ဍအလုပ်အကိုင်များအတွက် ပြိုင်ဆိုင်မှုများမြင့်တက်လာသည်နှင့်အမျှ ဝန်ထမ်းလျှောက်ထားသူ သက်ကြီးပိုင်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာကာ အစိုးရအခန်းကဏ္ဍများအတွက် အသက်အရွယ်ကန့်သတ်ချက်ကို ဖြေလျှော့ပေးရန် တောင်းဆိုမှုများ အရှိန်မြင့်လာခဲ့သည်။
သက်ကြီးရွယ်အိုတိုးပွားမှုမှာ ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ဆယ်စုနှစ်သုံးခုကြာကျင့်သုံးခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ၏ အမွေဆိုးကြောင့် ယင်းပြဿနာသည် အထူးသဖြင့်တရုတ်နိုင်ငံတွင် ပိုမိုခေါင်းကိုက်စရာဖြစ်စေခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
