တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးအား ယနေ့ မတ် ၁၈ ရက်တွင်နေပြည်တော်၌ စတင်ကျင်းပမည်ဖြစ်ကာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များထဲမှတစ်ဦးအား အမျိုးသားလွှတ်တော် သဘာပတိအဖြစ်တင်မြှောက်ပြီးနောက် သဘာပတိမှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ နှုတ်ခွန်းဆက်စကားပြောခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက် မှတ်ရေးထိုးပြီး အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေ ညာ၍ အစည်းအဝေးမတက်ရောက်နိုင်သော အမျိုး သားလွှတ်တော်ကိုယ်စားလှယ်များရှိပါက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပြီးနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ကိုရွေးကောက်တင်မြှောက်ပြီးနောက် ၎င်းတို့နှစ်ဦးမှ သဘာပတိရှေ့တွင် ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထိုးခြင်း၊ အ မျိုးသားလွှတ်တော် သဘာပတိက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ တတိယအ ကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကိုကြေညာခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
