ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးတွင် နေ့စဉ် ဝယ်သူကားအစီးရေ ၁၀,၀၀၀ ခန့် ဝင်ထွက်လျက်ရှိပြီး ညအိပ်ရပ်နားသည့် ကုန်တင်ယာဉ် ၅၀၀ ခန့်ရှိကြောင်း ဈေးအုပ်ချုပ်ရေးပိုင်းမှ သိရသည်။
အဆိုပါဈေးသို့ နေ့စဉ် ကုန်တင်ကားအနည်းဆုံး အစီး ၅၀ ခန့် ဝင်ရောက်လျက်ရှိပြီး ပစ္စည်းဝင်ရောက်သည့် ကားအသေးများအပါအဝင် စုစုပေါင်း အစီးရေ ၃၀၀ ခန့်ရှိကြောင်း သိရသည်။
ထို့ပြင် ကုန်စည်များ လျင်မြန်စွာ စီးဆင်းနိုင်ရန် အနယ်နယ်အရပ်ရပ်မှ လာရောက်သော ကုန်တင်ကားများ၊ တွဲကားများနှင့် ၁၂ ဘီးကားများအတွက် ညအိပ်ရပ်နားစခန်းကိုလည်း စီမံထားရှိကြောင်း သိရသည်။
ယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ် ၅၀၀ ခန့် ညအိပ်ရပ်နားလျက်ရှိပြီး လုံခြုံရေးကို ၂၄ နာရီ အပြည့်အဝ ဆောင်ရွက်ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဈေးသို့ ဝင်ရောက်ညအိပ်သည့် ကုန်တင်ယာဉ်များအတွက် ၂၄ နာရီ တစ်ရက်လျှင် ရပ်နားခ ၃,၀၀၀ ကျပ် ကောက်ခံလျက်ရှိကြောင်း သိရသည်။
တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အစပိုင်းတွင် ဈေးရုံ ၄ ရုံနှင့် ဆိုင်ခန်းပေါင်း ၆,၇၀၀ ကျော်ဖြင့် စတင်ခဲ့ရာ လက်ရှိတွင် ဈေးရုံ ၆ ရုံနှင့် ဆိုင်ခန်းပေါင်း ၇,၅၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။
