ရန်ကုန်တိုင်းဒေသကြီးသို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၂၄၀၀၀၀ ကျော်နှင့် ပြည်တွင်းခရီးသွား နှစ်သန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် အဓိက ဝင်ရောက်ကြခြင်းဖြစ်ကာ တရုတ်နိုင်ငံမှ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒုတိယ၊ တောင်ကိုရီးယားနိုင်ငံမှ တတိယအများဆုံးနှင့် ဂျပန်၊ အိန္ဒိယ၊ဗီယက်နမ်၊ အမေရိကန်၊ တ ရုတ်(တိုင်ပေ)၊စင်ကာပူနှင့် မလေးရှား စသည့်နိုင်ငံများမှလည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးသို့ ဝင်ရောက်လာသော နိုင်ငံခြားခရီးသွားဧည့်သည်များစာရင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကောက်ယူပြီး ပြည်တွင်းခရီးသွားများစာရင်းကိုလည်း တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများနှင့် သက်ဆိုင်ရာဌာနများမှတဆင့် ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာရင်းများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ နိုင်ငံခြားခရီးသွားဧည့်သည် (၂၄၂၇၂၁)ဦးနှင့် ပြည်တွင်းခရီးသွား (၁၉၈၄၁၄၂) ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။