တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ(၁၂)ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းကကျင်းပသည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့”အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လယ်ယာထုတ်ကုန်များတိုးမြှင့်ရန်လိုအပ်နေသည်ကိုတွေ့ရှိရကာ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များထဲတွင် လယ်ယာထွက်ကုန်များသည် အရေး ကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၄ ဒသမ ၇၄၁)ဘီလီယံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၃ ဒသမ ၇၄၃)ဘီလီယံတင်ပို့နိုင်ခဲ့သည်ဟု ပြောသည်။
” စိုက်ပျိုးသီးနှံတွေကို တစ်ဧကပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်စိုက်ပျိုးနိုင်ရင် အမေရိကန်ဒေါ်လာ(၄)ဘီလီယံခန့်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သီးထပ်စွမ်း အားမြှင့်တင်နိုင်ရင် အမေရိကန်ဒေါ်လာ(၁၂)ဘီလီယံ ခန့်အထိ ပိုမိုရရှိနိုင်တာကိုတွက်ချက်ရရှိပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် လယ်ယာကဏ္ဍကို သမားရိုးကျထုတ်လုပ်မှုစ နစ်မှ ခေတ်မီထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ် လုပ်မှုစနစ်သို့ကူးပြောင်းရန်လိုကာ လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်မှုရှိလာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မားလာနိုင်မည်ဟု ပြောသည်။
ထို့ကြောင့် လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် အရေးကြီးသည့်ပထမခြေလှမ်းလည်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

