တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကာ ကွန်ပျူတာနှင့်နည်းပညာကိုပေါင်းစပ်ထားသည့် Polytechnic University များဖွင့်လှစ်ရာတွင် အောင်မြင်မှုရှိခဲ့သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။
” တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူတွေတက်ရောက်နိုင်ဖို့ Polytechnic Institute ကိုလည်းဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပထမနှစ်တက်ရောက်အောင်မြင်ပြီးရင် အသိအမှတ်ပြုလက်မှတ် Certificate ရရှိမှာဖြစ်ပါတယ်။ နောက်ထပ် ၂ နှစ်တက်ရောက်အောင်မြင်ပြီးရင် ဒီပလိုမာဘွဲ့ရရှိမှာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် Polytechnic University ကိုဆက်လက်တက် ရောက်နိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ပြင် အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်သူများတက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် နည်းပညာအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ Polytechnic နည်းပညာများကိုသင်ကြားခြင်းဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများပိုမိုပေါ်ထွက်လာမည်ဟု ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျောင်းနေရာခိုင်နှုန်းနည်းပါးပြီး တန်းစဉ်ကူးပြောင်းမှုများလည်းနည်းပါးရာ တန်းစဉ်ကူးပြောင်းမှုနည်းပါးရခြင်းမှာ ဘာသာစကားအခက်အခဲ၊ မိဘများ၏ စီးပွားရေးအခက်အခဲများကြောင့်ဖြစ်သည်ကိုတွေ့ရှိရသဖြင့် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ပေးနိုင်မည့် ပညာတတ်လူသားအရင်းအမြစ်များပေါများကြွယ်ဝရန်လိုသည်ဟု ပြောသည်။
ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုများပိုမိုဖြစ်ပေါ်စေရန် ပညာတတ်များပေါကြွယ်ဝအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး သင်ကြားပေးသည့် ဆရာ၊ ဆရာမများသည်လည်း အရည်အချင်းပြည့်ဝရန်လိုအပ်မည်ဖြစ်ကြောင်း တို-က်တွန်းပြောကြားသည်။
ပညာတတ်လူသားအရင်းအမြစ်များမွေးထုတ်နိုင်ပါက အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ဒေသ၏အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်မည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
