ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊ ၆၆-ကေဗွီ ဓာတ်အားခွဲရုံများမှ ကျွမ်းကျင်ဝန် ထမ်းများက အဖွဲ့များခွဲ၍ ယနေ့ မေ ၁ ရက်မှ မေ ၅ ရက်အထိကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။
လစဉ်ဓာတ်အားသုံးစွဲယူနစ်များမှန်ကန်မှုရှိစေရေး၊ မီတာပြဂဏန်းများကို ပိုဖတ်ခြင်း/လိုဖတ်ခြင်းများ မရှိစေရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများအားစစ် ဆေးဖော်ထုတ်ခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းကျဆင်းစေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မီတာများဖတ်ရှုရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သုံးစွဲသူများယုံကြည်မှုရှိစေရန်အတွက် မီတာဖတ်ရှုပြီးစီးမှုအပေါ် အိမ်ရှင်များက ကိုယ်တိုင်မြင်တွေ့သိရှိကြောင်း လက်မှတ်ရေးထိုးအတည်ပြုသည့် စနစ်ကိုလည်းထည့်သွင်းကျင့်သုံးလျက်ရှိသည်။
ယခုကဲ့သို့ မြေပြင်ကွင်းဆင်း၍ မီတာများကို စနစ်တကျစစ်ဆေးဖတ်ရှုခြင်းဖြင့် မီတာဂဏန်းများကို အိမ်ရှင်ရှေ့တွင်ဖတ်ရှုပြီးလက်မှတ်ရေးထိုးစေခြင်းကြောင့် “မီတာခတွေ ပိုကျနေသလား”ဆိုသည့် သံသယများကင်းဝေးစေပြီး သုံးစွဲသူနှင့် ဌာနကြား ပိုမိုနားလည်မှုရရှိစေခြင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးဖော်ထုတ်နိုင်ခြင်းကြောင့် နိုင်ငံတော်၏ စွမ်းအင်အရင်း အမြစ်များလေလွင့်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပြီး ဓာတ် အားလိုင်းများပိုမိုတည်ငြိမ်လာစေခြင်းများရရှိမည်ဖြစ်သည်။
ထို့ပြင် မီတာဂဏန်းများကို လို/ပိုမရှိဘဲ တိကျစွာဖတ်ရှုနိုင်ခြင်းကြောင့် သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲသလောက်သာ ကျသင့်ငွေပေးဆောင်ရမည်ဖြစ်ရာ ဌာနအနေဖြင့် ဓာတ်အားခရရှိမှုနှုန်းကို တိကျ စွာစာရင်းပြုစုနိုင်မည်လည်းဖြစ်၍ ဒေသခံများအနေ ဖြင့် မိမိတို့အိမ်ရှိ မီတာများကိုလာရောက်စစ်ဆေးရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော လျှပ်စစ်ဝန်ဆောင်မှုကိုရရှိနိုင်မည်ဖြစ်သည်။
