ဗဲလ်နီးယပ်စ်၊ ဇူလိုင် ၁၂
နေတိုးအဖွဲ့ ခေါင်းဆောင်များသည် ယူကရိန်းအား လာမည့် အနာဂတ် တစ်ချိန်ချိန်တွင် စစ်ရေး မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်မည်ဟု ဇူလိုင်လ ၁၁ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း ချက်ချင်း ဖိတ်ကြားမှုမျိုး မပြုလုပ်ခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်များသည် ယူကရိန်းက ရုရှားအား တန်ပြန်တိုက်စစ်ဆင်ရန် ကြိုးပမ်းနေစဉ် လစ်သူယေးနီးယားနိုင်ငံ၊ ဗဲလ်နီးယပ်စ်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။
ဇလန်းစကီးသည် အဆိုပါ အစည်းအဝေး မကျင်းပမီကတည်းက ယူကရိန်းအား နေတိုးအဖွဲ့သို့ ဖိတ်ကြားရန်အတွက် ထပ်ခါတလဲလဲ တောင်းဆိုထားခဲ့သည်။
“မဟာမိတ်အဖွဲ့ဝင်တွေ သဘောတူပြီး သတ်မှတ်ချက်တွေ ပြည့်မီတဲ့အချိန်အထိ ယူကရိန်းကို ဖိတ်ကြားမယ့် အစီအစဉ်ကို နောက်ဆုတ်ထားရပါမယ်” ဟု ခေါင်းဆောင်များက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ သို့ရာတွင် ယူကရိန်းဘက်က မည်သည့် သတ်မှတ်ချက်များအား ဖြည့်ဆည်းရန် လိုအပ်နေသည်ကိုမူ အသေးစိတ် မဖော်ပြထားပေ။
အကြိမ်ကြိမ် တောင်းဆိုထားပါလျက်နှင့် ယူကရိန်းအား ဖိတ်ကြားခြင်း မပြုခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း ဇလန်စကီးက အင်္ဂါနေ့တွင် ဗဲလ်နီးယပ်စ်မြို့ရှိ စုဝေးပွဲ၌ ပြောကြားခဲ့သည်။ ဇလန်စကီးသည် ယူကရိန်း၏ အနာဂတ် စိတ်ချလုံခြုံစေရန်အတွက် ကိယက်ဗ်အား အရေးအခင်းပြီးဆုံးသည်နှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ပေးမည်ဆိုသည့် ဖိတ်ကြားချက်ကို အလိုရှိနေခြင်းဖြစ်သည်။
Source: CNA