ပြန်လည်ဖြစ်ပွားလာမည့် စစ်ပွဲဘေးမှ ရှောင်ရှားနိုင်ရန်နှင့် သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက် ပါကစ္စတန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း ထရမ့်အစိုးရအဖွဲ့သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုအသစ်များ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။
CBS သတင်းဌာန၏ ဖော်ပြချက်အရ အကယ်၍ တိုက်ခိုက်မှုများ ပြန်လည်စတင်ပါက အီရန်နိုင်ငံဘက်မှ လက်တုံ့ပြန်လာနိုင်သည့် စိုးရိမ်မှုများရှိနေသောကြောင့် အမေရိကန် စစ်ဘက်နှင့် ထောက်လှမ်းရေးအရာရှိများသည် စစ်သည်များ၏ ခွင့်ရက်များကို စတင်ပယ်ဖျက်ခြင်း၊ အရေးပေါ် တပ်ဖြန့်ခွဲမှု အစီအစဉ်များကို မွမ်းမံပြင်ဆင်ခြင်းနှင့် ပြည်ပရှိ စစ်အခြေစိုက်စခန်းများကို အသင့်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေပြီ ဖြစ်သည်။
ထို့အပြင် အကယ်၍ အီရန်နိုင်ငံက ငြင်းဆန်ပယ်ချခဲ့ပါက ဟော်မုဇ် ရေလက်ကြားကို အင်အားသုံး၍ ပြန်လည်ဖွင့်လှစ်နိုင်မည့် စစ်ရေးအစီအစဉ်များကို အမေရိကန်အရာရှိများက နေတိုး(NATO) မဟာမိတ်များနှင့် ဆွေးနွေးခဲ့ကြကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
