ချုံချင့်မြူနီစီပယ် အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍအပါအဝင် နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင်က ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ တရုတ် -မြန်မာချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍအပါအဝင် နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း၊ ချုံချင့်မြို့သို့ ရောက်ရှိစဉ် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ၊ နည်းပညာကုမ္ပဏီကြီးများနှင့် တွေ့ဆုံ၍ ဆွေးနွေးစေလိုကြောင်း ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင်ကပြောသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့သည်မှာ (၇၅)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း မူဘောင် (National Spatial Development Framework Plan)ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မြို့ပြနှင့်ကျေးလက်ဒေသများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် Town Plan များရေးဆွဲပေးခြင်း၊ စက်မှုဇုန်များအတွက် ပင်မစီမံကိန်းများရေးဆွဲပေးခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။