ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် မြန်မာပြည်အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းတို့ ညီအစ်ကို (၃) ယောက်အနေဖြင့် စတင်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်းအတွက် ရိုးရာလက်ဝှေ့သမားများဖြစ်သည့် ထွန်းထွန်းမင်း၊ ထွန်းမင်းနိုင်နှင့် ထွန်းမင်းအောင်တို့ ညီအစ်ကို (၃)ဦးကို ရွေးချယ်ထားခြင်းဖြစ်ပြီး ၎င်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကစားသမားများ၏ အမည်စာရင်းထွက်ပေါ်လာခြင်းမရှိသေးပေ။
ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ(၉)ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့နှင့် ဆောင်ခလာမြို့တို့၌ ကျင်းပသွားမည်ဖြစ်ကာ အားကစားအမျိုးအစားပေါင်း (၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် (၇)ကြိမ်မြောက် လက်ခံကျင်းပခွင့်ရထားခြင်းဖြစ်သည်။
