ဆိုးလ်မြို့တော်သည် လာမည့်သုံးနှစ်အတွင်း အထပ်မြင့်အဆောက်အအုံတစ်ခု၏ အောက်တွင် ၎င်း၏ ပထမဆုံး နျူကလီးယားဘန်ကာကို ထည့်သွင်းတည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဆိုးလ်မြို့တော်အစိုးရနှင့် ဆိုးလ် အိမ်ရာနှင့် ကွန်ုမြူနတီကော်ပိုရေးရှင်းတို့သည် မြို့ခံများကို ပြင်ပမှ နျူကလီးယား၊ ဇီဝနှင့် ဓာတုလက်နက်များဖြင့် တို-က်ခို-က်လာမှုမျိုးမှ အကာအကွယ်ပေးရန်ရည်ရွယ်ကာ Sonpa-gu ခရိုင် Garak-dong အရပ်ရှိ အိမ်ရာအဆောက်အအုံတစ်ခုတွင် မြေအောက်ပုန်းခိုရာတစ်ခုကိုတည်ဆောက်ရန် စီစဉ်နေခဲ့သည်ဟုဆိုသည်။ အဆိုပါ အဆောက်အအုံကို ၂၀၂၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ရန် အစီအစဉ်ရေးဆွဲထားသည်။
အကြီးစား အိမ်ရာစီမံကိန်းတွင် မြေအောက်ထပ် သုံးထပ်၊ မြေပြင်အထက် ၂၂ ထပ်ပါဝင်ပြီး စုစုပေါင်း လူနေတိုက်ခန်း ၁,၂၄၀ ရှိမည့် အဆောက်အအုံ ၁၆ လုံးပါဝင်သည်။ အဆိုပါ အိမ်ရာကို ၂၀၁၇ ခုနှစ်တွင် Munjeong-dong သို့ ရွှေ့ပြောင်းခဲ့သည့် Seongdong ထိန်းသိမ်းရေးစင်တာနေရာဟောင်းတွင် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါ အဆောက်အအုံ၏ တတိယမြောက် မြေအောက်ခန်းတွင်တည်ရှိမည့် ဘန်ကာသည် စုစုပေါင်း ၂,၁၄၇ စတုရန်းမီတာ ကျယ်ဝန်းပြီး လူ ၁,၀၂၀ ဦး အထိ နေထိုင်နိုင်မည်ဖြစ်သည်။
ပုန်းခိုရာဧရိယာကို လေဝင်လေထွက်၊ ရေသိုလှောင်ဖြန့်ဖြူးမှုနှင့် သန့်ရှင်းရေးစနစ်များ တပ်ဆင်ထားမည်ဖြစ်ကာ ပြင်ပ နျူကလီးယား၊ ဇီဝနှင့် ဓာတုတို-က်ခို-က်မှုများ ကြုံလာရချိန်မျိုးတွင် ခိုလှုံနေထိုင်သူများသည် ၁၄ ရက်အထိ အသက်ရှင်နေထိုင်နိုင်မည်ဖြစ်သည်။ အရေးပေါ်အခြေအနေအတွက် အသုံးမပြုသည့်အချိန်တွင် ဘန်ကာသည် မြို့ခံများအတွက် ကိုယ်လက်ကြံခိုင်ရေးစင်တာတစ်ခုအဖြစ် အသုံးဝင်စေမည်ဖြစ်သည်။
အဆိုပါဘန်ကာသည် အရပ်ဖက်အသုံးပြုရန်အတွက် ဒေသန္တရအစိုးရက ပထမဆုံးတည်ဆောက်သည့် ဘန်ကာအမျိုးအစားဖြစ်ပြီး နျူကလီးယားကာကွယ်ရေးစွမ်းရည်များကို တပ်ဆင်ထားကြောင်း သိရသည်။
ရှည်ကြာလာသော ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင် မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှု မြင့်တက်လာခြင်း၊ ကမ္ဘာ့လုံခြုံရေးမတည်ငြိမ်ဖြစ်လာခြင်းတို့သည် အဆိုပါဘန်ကာတည်ဆောက်ရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်သည်ဟု ဆိုသည်။
Ref: သည်ကိုရီးယားဟာရယ်
