ဈေးကွက်အတွင်း မြင့်တက်လျှက်ရှိသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခြေခံ လူတန်းစားများ အစားများသည့် ဆန်ကြမ်း (ဧည့်မထ) ဆန်အိတ်များကို ယနေ့ ဩဂုတ်လ (၇) ရက်မှ စတင်ကာ တစ်အိပ်လျှင် (၆၀၀၀၀) ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည် ဒိုင်၌ စတင်ရောင်းချပေးနေပြီဖြစ်သည်။
ဆန်စပါးအသင်း အနေဖြင့် အရန်ဆန် အိတ်ရေ (၅၀၀၀၀) ကို ထုတ်ရောင်းပေးရန် ကနဦး စီစဉ်ခဲ့သော်လည်း လက်ရှိတွင် အိတ်ရေ တစ်သိန်းအထိ ရောင်းချပေးရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
” (ဧည့်မထ)ဆန်ကို အစက အိတ်ရေ (၅၀၀၀၀) အထိရောင်းပေးဖို့ပေါ့။ အခုအိတ်ရေတစ်သိန်းအထိ မှန်းထားတယ်။လက်လီဆိုင်တွေကိုလည်း နောက်အပတ်ထဲရောင်းပေးဖို့စီစဉ်ထားတယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။
ရန်ကုန်မြို့ ဝါးတန်းလမ်းရှိဆန်စပါး ကုန်စည်ဒိုင်အပြင် ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်တို့တွင်လည်း စတင်ရောင်းချပေးနေပြီး ဝယ်ယူလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် ပြသဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ဆန်ဝယ်ယူရာတွင် နိုင်ငံသား စိစစ်ဆေးကတ် (၁)ခုကို တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန် (၁) အိတ်နှင့် ဧည့်မထ အမျိုးအစား ဆန် (၁) အိတ်ကို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတော်၏ အရန်ဆန်များထဲမှ ဧည့်မထ (၂၅%) အမျိုးအစား ဆန်တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်၊ ဧည့်မထ (၁၀%) စားဆန်များ တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်တို့ဖြင့် ရောင်းချပေးနေပြီး ရွှေဘိုပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်မှ (၁၂၀၀၀၀) ကျပ်၊ဧရာဝတီပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၉၄၀၀၀) ကျပ်မှ (၉၇၀၀၀) ကျပ် စသဖြင့် ဈေးနှုန်း သတ်မှတ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြင်ပဈေးကွက်တွင် အခြေခံပြည်သူအများစု စားသုံးသည့် ဧည့်မထ ဆန်ကြမ်း တစ်အိပ်လျှင် (၈၀၀၀၀) ကျော်၊ ရွှေဘိုပါ်ဆန်း တစ်အိပ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း တစ်အိပ်လျှင် ၁၁၅၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်နေခြင်း ဖြစ်ပြီး အဆိုပါ ဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အရန်ဆန်များ ထုတ်ရောင်းပေးနေခြင်းလည်း ဖြစ်သည်။