မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။
ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ ဒုတိယ အထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်အပါအဝင် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများရုံး (စစ်ကိုင်းရုံးခွဲ) သို့ သွားရောက်ခဲ့ကြသည်။
အဆိုပါ ခရီးစဉ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အဓိကလုပ်ငန်းစဉ်များမှ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ရင်းနှီးစွာတွေ့ဆုံကာ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး ကြက်ခြေနီသိုလှောင်ရုံ၌ ကယ်ဆယ်ရေးပစ္စည်းများ ထားသိုရန်ပြင်ဆင်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် မန်းကျည်းကုန်းကျေးရွာရှိ ရွေ့လျားဆေးကုခန်းသို့ သွားရောက်ကာ ဒေသခံပြည်သူများအား ပဏာမကျန်း မာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလားတူ လေးကျွန်းမြေအုဌ်ကျောင်း ဆရာတော် ဦးဓမ္မပီယလင်္ကာရအား ဖူးမြော်ကြည်ညိုကာ ငလျင်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် ဘာသာရေးအဆောက်အဦများ ပြန်လည်ထူထောင်ရေးအတွက် အသင်းမှ ကူညီလှူဒါန်းနိုင်မည့် အခြေအနေများကို လျှောက်ထားခဲ့ကြောင်း သိရသည်။
ထို့နောက် အလုပ်အမှုဆောင်နှင့်အဖွဲ့သည် စစ်ကိုင်းရုံးခွဲမှ ကြက်ခြေနီဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ပြီး ငလျင်ဘေးတုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
