ပြည်တွင်းစက်သုံးဆီထုတ်လုပ်မှုသည့် RON 68၊77 တို့သာထုတ်လုပ်ပေးနိုင်ပြီး ပြည်တွင်းသုံးစွဲမှုလုံလောက်မှုမရှိသဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းမှုကို မှီခိုနေရကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။
အဆိုပါ အခြေအနေကို ကျော်လွှားနိုင်ရေး ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်နိုင်ရန်အတွက် ရေနံချက်စက်ရုံစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး စက်ရုံစီမံကိန်းများပြီးစီးပါက စက်သုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာဝယ်ယူအသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီး ဦးကိုကိုလွင်က ပြောသည်။
ယမန်နေ့ အောက်တိုဘာ(၃)ရက်က ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့အထွက် တိုးရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရူစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီ လုပ်ငန်းရှင်များအနေဖြင့်လည်း အများပြည်သူများသို့ သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီဖြန့်ဖြူးရောင်းချရန်လိုအပ်ပြီး အရည်အသွေးနှင့် အခြင်အတွယ်ကိုက်ညီမှန်ကန်မှုရှိစေရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
လက်ရှိ စက်သုံးဆီဈေးနှုန်း မြင့်မားမှုကို တစ်ဖက်တစ်လမ်းမှ လျော့နည်းသက်သာစေရန် ရည်ရွယ်၍ ရေနံဓါတုဗေဒစက်ရုံ (သံပရာကန်) မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓါတ်ဆီ(RON 68) ကိုလည်း ယခုနှစ် ဇန်နဝါရီလ မှ စတင်ကာ တစ်လီတာ ငွေကျပ်(၂၂၀၀)နှုန်းဖြင့် မြန်မာရေနံဓါတုဗေဒလက်အောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
