မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသဖြင့် တည်ဆောက်ရေးလုပ်ငန်းသုံးစက်ရုံများအနေဖြင့် စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှသာ ဈေးနှုန်းတည်ငြိမ်မှုရှိမည်ဟု စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။
၎င်းမှ ဧပြီ ၂၄ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ(ပြည်ညောင်) စက်ရုံမှတာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။
ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ၍ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများလိုအပ်လျက်ရှိသဖြင့် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံ၊ သံမဏိစက်ရုံများ၊ အမိုး၊ အမိုးပြားစက်ရုံများ၊ အုတ်စက်ရုံများ၊ အထပ်သားစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရန် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။
ထို့ကြောင့်စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်မှသာ ဈေးနှုန်းတည်ငြိမ်မှုရှိမည်ဖြစ်သည်။
စက်ရုံမှထုတ်လုပ်သည့် ဘိလပ်မြေများကိုငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံများ၊ ကျောင်းများပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် ဦးစားပေးရောင်းချရမည်ဟု မှာကြားသည်။
စက်ရုံအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် လိုအပ်သောကုန်ကြမ်းများ၊ စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရမည်ဟု မှာကြားခဲ့သည်။
အပါချီဘိလပ်မြေစက်ရုံ၌ တစ်နေ့လျှင် တန် (၄,၀၀၀) နှင့် တန် (၁,၅၀၀) လည်ပတ်ထုတ်လုပ်နိုင်သည့် လိုင်း (၂)လိုင်းတပ်ဆင်ထားပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၅ ရက်မှ ၂၂ ရက်အထိ ကလင်ကာတန်ချိန် (၈၀,၀၀၀) ခန့်ထုတ်လုပ်ခဲ့ကာ ဘိလပ်မြေကြိတ်စက်ရုံကို ငလျင်လှုပ်ခတ်ပြီးချိန်တွင် (၃)နာရီခန့်ရပ်တန့်၍ စက်များကို စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ တစ်စပ်တစ်ဆက်တည်းလည် ပတ်၍ ဘိလပ်မြေတန်ချိန် (၆၀,၀၀၀) ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ထို့အတူ စက်ရုံမှထုတ်လုပ်သော ကလင်ကာများကို ရန်ကုန်မြို့ သီလဝါစက်မှုဇုန်ရှိ ဘိလပ်မြေကြိတ်စက်ရုံများသို့ပေးပို့၍ ဘိလပ်မြေများထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို စက်ရုံအထိုင်ဈေး တစ်အိပ်လျှင် ငွေကျပ် (၁၇,၀၀၀) နှုန်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
