ဂျပန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် တိုကျိုမြို့ရှိ မြန်မာသံရုံးမှတဆင့် အလုပ်ကမ်းလှမ်းစာ (၄၅၉)ခုပေးပို့ထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့မှ ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိသည်။
ထို့ပြင် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ကြောင်း သိရသည်။