ယခုဘဏ္ဍာနှစ် ဇွန်လအတွင်း ဂျပန်နိုင်ငံသို့ ပြည်တွင်းမှ ပျားရည် မက်ထရစ်တန်ချိန် ၈၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂၁ သန်းရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
“ ပြည်ပကို ပျားရည်တင်ပို့မှုအနေနဲ့ ဇွန်လမှာ ဂျပန်နိုင်ငံကို ပျားရည်မက်ထရစ် တန်ချိန် ၈၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂၁ သန်းရရှိခဲ့ပါတယ်။ လက်ရှိ ပြည်တွင်းမှာ နှမ်းပျားရည်တော့ ထွက်နေပြီ။ ဒါပေမဲ့ ဝယ်ယူစုဆောင်းဆဲပဲရှိပါသေးတယ်။ ပြည်ပကို တင်ပို့လို့တော့ မရသေးပါဘူး” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းမှ ထွက်ရှိသော ပျားရည်များကို ပြည်ပနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ)၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့လေ့ရှိပြီး ဇွန်လတွင် ဂျပန်နိုင်ငံသို့သာ တင်ပို့ခဲ့ကြောင်း သိရသည်။
ပြည်ပသို့ ပျားရည် တင်ပို့မှုတွင် ပုဂ္ဂလိကကဏ္ဍမှ ပုံမှန်တင်ပို့မှုအနေဖြင့် ပျားရည်မက်ထရစ်တန်ချိန် ၈၀ ဒသမ ၄ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိပြီး ယခုလတွင် နှမ်းပျားရည်စတင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။