ရန်ကုန်၊ ဇူလိုင် ၃၁
လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်လွှာများကို ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ အွန်လိုင်းမှတစ်ဆင့် စတင်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ယနေ့ ထုတ်ပြန်သည်။
စာမေးပွဲကြေးကို ကျပ် ၅၂,၀၀၀ မှ ၅၇,၀၀၀ အထိ အဆင့်အလိုက် သတ်မှတ်ထားပြီး ဩဂုတ် ၁၁ ရက် နောက်ဆုံးထား၍ ပေးချေရမည်ဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပသည့် အဆိုပါစာမေးပွဲ၏ ဇူလိုင်လ ရလဒ်များကိုမူ ဩဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
JLPT ဝက်ဘ်ဆိုက် စာရင်းများအရ ယခုလ ၅ ရက်နေ့ စာမေးပွဲတွင် စာဖြေသူ ၉ သောင်းဝန်းကျင် ရှိခဲ့သော်လည်း အလုပ်အကိုင်အပိုင်း၌ မြန်မာနိုင်ငံဘက်မှ ပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ခုလျှင် တစ်လလျှင် လုပ်သား ၁၅ ဦးသာ ဂျပန်သို့ ပို့ဆောင်ခွင့် ရရှိထားကြောင်း သိရသည်။
