ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၏ ဂုတ်တွင်းအဆင်းလမ်းတွင် သြဂုတ် (၂၇) ရက် မွန်းလွှဲပိုင်းက ပေ (၇၀) ခန့်နက်သည့်ချောက်ထဲသို့ Hijet ကားထိုးကျသွားခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း – နောင်ပိန်ထံမှ သိရသည်။
ယမန်နေ့ မွန်းလွှဲ (၃) နာရီခန့်က ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၊ ဂုတ်တွင်း အဆင်းလမ်းတွင် အမျိုးသား၊ အမျိုးသမီး (၆) ဦးလိုက်ပါလာသည့် Hijet ကားသည် အခင်းဖြစ်နေရာအရောက် ပေ ၇၀ ခန့်နက်သည့် ချောက်ထဲသို့ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂုတ်တွင်း အဆင်းလမ်းက ကျောက်မဲ ရေကန် (ရှုခင်းသာ) အကျော် တံတားအကွေ့မှာ ဖြစ်သွားတာပါ။ ချောက်က ပေ ၇၀ လောက်နက်တယ်။ အမျိုးသမီး တစ်ယောက်ပဲ ခါးမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး။ ကျန်တဲ့လူတွေက ဘာမှမဖြစ်ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း – နောင်ပိန်မှ မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
Photo-ကမ်းလင့်လက်များအသင်း