၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ်ခြင်္သေ့၊ နဂါးအကပြိုင်ပွဲကို ရန်ကုန်မြို့ စဉ့်အိုးတန်းလမ်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်္သေ့၊ နဂါးအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ ပြိုင်ပွဲကို ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ စဉ့်အိုးတန်းလမ်း၌ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခြင်္သေ့ တိုင်တက်အကနှင့် နဂါး အကပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။
ခြင်္သေ့ တိုင်တက်အကပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လူငယ် အသင်းသစ် ၄ သင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် လူဟောင်းအသင်း ၇ သင်းနှင့် နဂါးအရှည်အကပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အသင်း ၇ သင်း တို့ဖြင့် နေ့ရက်အလိုက် ည ၇ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ်အတွက် ကျရောက်မည့် တရုတ်နှစ်သစ်ကူးနေ့မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၇ နာရီအချိန်မှာ တရုတ်လူမျိုးများရဲ့ နှစ်သစ်ကူးပွဲတော် ရိုးရာအစဉ်အလာအတိုင်း လူကြီး၊ မိဘ၊ ဘိုးဘွားများကို လှည့်လည်ကန်တော့ခြင်းနှင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ (တရုတ်နှစ်သစ်ကူးနေ့) တွင် တရုတ်ဘုရားကျောင်းများ၌ ဆုတောင်းကုသိုလ်ပြုခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
