ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ရှိ ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း ပင်းမာကျေးရွာနှင့် ထမံသီကျေးရွာ၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတို့ရှိ ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ တံတားကြီးတည်ဆောက်နေမှု လုပ်ငန်းများကို မေလ (၆) ရက်က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့မှသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂) က ချင်းတွင်း မြစ်ကူးတံတား (ထမံသီ)ကို တာဝန်ယူတည်ဆောက်နေပြီး ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။
တည်ဆောက်ရေးလုပ်ငန်း စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို ဝန်ကြီးချုပ်ဦးမြတ်ကျော်ကမှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့- ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်း မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL) ဖြင့် တည်ဆောက်လျက်ရှိသည်။