ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးအစီအစဉ်ကို မေ ၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့ မေ ၁၄ ရက်တွင် နောက်ထပ် တစ်ပတ် ထပ်မံတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းသို့ အသိပညာပေးမှုများအပြင် လူကူးခုံးကျော်တံတားများတွင် တပ်ဆင်ထားသည့် စက်လှေကားများကို ပြန်လည်ပြင်ဆင်ပေးပါက သက်ကြီးရွယ်အိုများနှင့် လမ်းကူးသွားလာသူများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။
“ခုံးကျော်တံတားလှေကားတွေက မတ်ပြီး မြင့်တာတွေရှိတော့ သက်ကြီးရွယ်အိုတွေက အလွယ်တကူ လမ်းကူးလိုက်တာများတယ်။ တချို့ခုံးကျော်တံတားတွေမှာ စက်လှေကားတွေရှိပေမယ့် အသုံးမပြုနိုင်တာတွေ ရှိတယ်။ ပြန်ပြင်ပေးရင် ပိုအဆင်ပြေမယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် လမ်းကူးသည့်အခါ မောင်းနှင်လာသည့်ယာဉ်များအနေဖြင့်လည်း အရှိန်လျှော့မောင်းနှင်ပေးရန် လိုလားကြောင်းနှင့် ယာဉ်မောင်းနှင့် လမ်းသွားလမ်းလာ နှစ်ဖက်စလုံး အဆင်ပြေစေလိုကြောင်း ပြည်သူများက ပြောဆိုသည်။
“မြန်မာပလာဇာရှေ့မှာ လမ်းကူးရတာ အန္တရာယ်များတယ်။ စိုက်ပျိုးရေးမှတ်တိုင်ကလို မြေအောက်လူကူးတံတား လုပ်ပေးရင် ပိုကောင်းမယ်” ဟု မြို့ခံအချို့က မှတ်ချက်ပြုသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ လမ်းဆုံ၊ လမ်းခွများ၊ လူကူးခုံးကျော်တံတားများနှင့် လူစည်ကားရာ မီးပွိုင့်နေရာများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ YRTC နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
