တစ်ချိန်က
မေမေ့ရဲ့တံခါးကို ခွင့်မတောင်းဘဲ
ဖွင့်ဝင်ခဲ့မိသူ
မေမေ့ရဲ့ အသွေးအသားကို
အသက်ကယ်ဆေးလို
အနှစ်သုံးဆယ်ကျော်
အသုံးပြု ရှင်သန်ခဲ့သူတစ်ယောက်
အခုတော့
ကျွန်တော့်ကိုဖတ်ခေါ်သမျှ အခန်းတိုင်း
ခွင့်တောင်းပြီးမှ ဝင်နေရတယ်မေမေ
ဘေးနားက စားပွဲဝိုင်းတွေမှာ
အပျော်တွေပြည့်နှက်နေသလောက်
ကျွန်တော့်မှာတော့
တစ်ယောက်တည်းပါပဲ
(မေမေ့ကိုတစ်ယောက်တည်း ထားခဲ့မိ တဲ့ ဝဋ်ကြွေးတွေများလား)
တစ်လောကလုံးရဲ့ အလင်းဓာတ်ဟာ
ကျွန်တော့်မျက်စိရှေ့ရောက်မှ
ဝေဝါးတယ်
ကျွန်တော့်အပေါ် ဥပက္ခာပြုနိုင်လွန်းတဲ့ သံသရာထဲမှာ
အတွေးများစွာ သံသရာထက်ရှည်လို့
ရွက်ကျပင်ပေါက်လို
နေ့ရက်အချိန်ကာလများစွာထဲ
အမှန်တရားအတွက် ကမ္ဘာ့အပြင်ထိ အထုတ်ခံဝံ့သူ
ချစ်ခြင်းမေတ္တာအတွက်
အိပ်မက်များစွာကို
စွန့်လွှတ်ဝံ့သူတစ်ယောက်
အပျော်တွေကို
အိတ်ပေါက်နဲ့ ကောက်ခဲ့တယ်
ခလုတ်ကန်သင်းတွေ အပြည့်နဲ့
ပြေးလမ်းထက်မှာ။
လင်းလွန်း