ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ယင်းစီမံချက်ကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ Pilot Project အဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြောကြားသည်။
ယမန်နေ့က ကျင်းပသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့၏ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် စီမံချက်ကို အကောင်အထည်ဖော်ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်လုံး၌ တစ်ပြိုင်နက် ဆောင်ရွက်ရန် မလွယ်ကူသေးသဖြင့် မိတ္ထီလာမြို့နယ်ကို Pilot Project အဖြစ် ရွေးချယ်ကာ စတင်ဆောင်ရွက်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
