ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၏ မိုင်တိုင်အမှတ် ၅၅၅/၅ နှင့် ၅၅၆/၀ ကြား ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဧကရာဇ် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းမှ အဝေးပြေးခရီး သည်တင်(Express)ကားသည် ဘရိတ်ပေါက်ပြီး လမ်း ၏ ဘယ်ဘက်ပေ(၅၀)ခန့်နက်သောချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသမီး(၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသော ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များအပါအဝင် ခရီးသည်(၁၉)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့် ထိခိုက်ဒဏ် ရာရသူများအား တုံတာလူမှုကူညီရေးအသင်းက တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
