ခင်ဗျားလည်း သိမှာပါ. . .
အလင်းတွေ ဆွဲဆွဲ မျိုချနေတဲ့
အာကာသတွင်းနက်ကြီး အကြောင်းကို
ခေတ်မှာဖွားထားတဲ့
ကလောင်သွေးတွေရဲ့ ပစ်အားတွေက
ကဗျာချစ်သော ‘အား’နဲ့ သစ္စာတရားကို
အထမြောက်ရင်း
အစာကောက်ထားတာ
အရေးပေါ်ရင့်ကျက်မှုဆိုတာမျိုးကို
အခုချက်ချင်းဖမ်းပြီး ထည့်လို့ရတဲ့
အရာထဲမှာ ကဗျာမပါဘူး။
ခင်ဗျားလည်း သိမှာပါ. . .
ခင်ဗျားတို့ ကဗျာတွေ
မှော်ဆန်နေပါ တယ်လို့
ပြောပြီး ပြန်လာနိုင်ခဲ့ရင်
ကျူပ်ဗီဇကိုလည်း
ခင်ဗျားလက်ခုပ်ထဲ
ထည့်ပြီး တီးနိုင်ရမှာပေါ့
အကြိုက်ချင်းမတူရင်တော့
ဝါးစည်းပြေတာပဲ ကိုယ့်လူ
ကိုယ့်ကဗျာအတွက်
အစွန်းရောက် အနက်ယူ
တင်ပြနိုင်ရန် ကုလားဖန်ထိုးသော
ငါ၏ လက်များ သန်မာပါ. . .။
ခင်ဗျားလည်း သိမှာပါ. . .
အမြင့်က ကြည့်နေသူအတွက်
ခင်ဗျားရော ကျူပ်ပါ
သေးသေးနဲ့ဝေးဝေးမို့
မြင်ရမှာမဟုတ်ပါဘူး
ဒါတော့ ထားလိုက်ဗျာ
သိမလားတော့မသိဘူး
ကျူပ်အတွက်တော့
ကဗျာက မမြင်ရတဲ့ နတ်သားဗျ။
ခင်ဗျားလည်း သိမှာပါ. . .
အာသီသ မပြေတိုင်း
မီးခြစ်ထထ စမ်းခဲ့ရတဲ့ ညတွေကို
ဘဝဆက်တိုင်း ရင်ခုန်သံနဲ့
ကင်းလွတ်သော
တိုက်ဆိုင်မှုမျိုးသာ
တွေ့ချင်မိတဲ့ ဆုတောင်း
ကိုယ့်ခန္ဓာထဲမှာရှိရင်
ဖယ်ထုတ်ပစ် မလို့
ကဗျာအတွက်ဆို. . .
ကျူပ် ဧရိယာက သင်္ဂြိုဟ်ပြီးသား…။
ခင်ဗျားလည်း သိမှာပါ. . .
စစ်ပြန်ကွန်မြူနစ်ကြီးတွေတောင်
တစ်ခါက
ကဗျာကို
အလေးပြုခဲ့ကြတာလောက်တော့
သင်္ချာဂိုဏ်းသားတွေလည်း အံဝှက်ပါတဲ့
ကဗျာဆို ဖမ်းပြီးကြည်ညိုလောက်ရဲ့
ဟုတ်ပါတယ်. . .
ကျူပ် ပြောကြည့်ဦးမယ် ကဗျာက
ကျူပ် ဘဝအတွက်
ဓမ္မတာသဘောကို
ကျော်လွန်ပြီးမှ ကျလာတဲ့
ဂရုဏာထောက်ပံ့ကြေးဗျ
ခင်ဗျားလည်း သိမှာပါ. . .
ကိုယ့်ကိုယ်ကိုယ် ပရိုင်းမိတ်တစ်ခုလို
တူးဖော်မိတဲ့ အကြောင်းကို
မခါးခဲ့သော တစ်ခါက. . . . .
ကျူပ်တောင်းယူလိုက်တဲ့
နာကျင် အချိန်ပိုညများမှာ
ကျူပ် နှုတ်ခမ်းဝက ဇက်ကြိုးစေ
လူက ဂီတကတောင် ကဗျာထဖြစ်ရင်
ကျူပ်ကိုယ်ကျူပ် ကဗျာထဲက ပြန်ရွေးဖို့
ဘယ်တော့မှ စိတ်မကူးဘူး. . .။
ခင်ဗျား သိမှာပါ. . ,
ကျူပ် ဗီဇကို ခင်ဗျားလက်ခုပ်ထဲ
ထည့်တီးမိတဲ့ တစ်နေ့. . . . .။
ညီဝလာမိုးထက်