ပြည်တွင်းဆန်စပါးဈေးကွက်တွင် အချို့ဒေသများ၌ကောက်စောစပါးများ စတင်ပေါ်ထွက်နေပြီဖြစ်၍ စပါးစိုက်တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းရရှိရန် ဆန်စပါးအသင်းချုပ်အနေဖြင့် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဈေးကွက်ဝယ်လိုအား မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း အသင်းချုပ်အနေဖြင့် အထူးဦးစားပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လတ်တလော အခြေအနေတွင် မိုးရွာသွန်းမှုရှိနေဆဲဖြစ်၍ စပါးဈေးနှုန်းများမှာ အစိုဓါတ်၊ အရည်အသွေးနှင့် အမျိုးအစားကိုလိုက်၍ ကောက်စောစပါးတင်း (၁၀၀) လျှင် ကျပ် (၉) သိန်းခွဲ ဝန်းကျင်မှ (၁၄) သိန်းဝန်းကျင် ရှိနေသော်လည်းဝယ်ယူမည့်ကုန်သည် မရှိသလောက်ဖြစ်နေသည်။
ဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဧည့်မထ စပါးအသစ်များသည် ကျပ် (၁၁)သိန်း မှ (၁၂) သိန်းအတွင်း၊ အထူးဧည့်မထအုပ်စု စပါးမျိုးများသည် ကျပ် (၁၄)သိန်း မှ (၁၅)သိန်းအတွင်း၊ ရက် ၉၀/ မနောသုခ/ ဧရာမင်း/ ဧရာပဒေသာ စပါးမျိုးများသည် ကျပ် (၂၂) သိန်း မှ (၂၃) သိန်းအတွင်း၊ ဆင်းသုခ စပါးဖြစ်ပါက အစိုပင်လျှင် ကျပ် (၁၃) သိန်းဈေးဖြင့် ရောင်းဝယ်မှု ရှိနေကြောင်း ဖော်ပြသော်လည်း မြေပြင်တွင် အဆိုပါဈေး မရှိသည့်အပြင် ဈေး ကွက်နှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ကုန်သည်အများစုက စပါးဝယ်ယူမှုမရှိကကသေးကြောင်း ဧရာဝတီတိုင်းအတွင်းမှ မိုးစပါးစိုက်တောင်သူများထံက သိရသိရသည်။
ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်၍ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ ကျဆင်းနေသည့် အတွက် ပြည်ပသို့ တင်ပို့သည့် ဧည့်မထ/ ငစိန် စပါးမျိုးများမှာ အမျိုးအစား/ အရည်အသွေးပေါ် အခြေခံ၍ ဈေးနှုန်းကွာခြားမှုရှိသဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်မှ လိုအပ်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း၊ မြို့နယ်အသီးသီးရှိ ဆန်စက်များထံသို့ တို-က်ရို-က်တင်ပို့ရောင်းချခြင်း၊ တောင်သူများအနေဖြင့် တစ်ဦးတစ်ယောက်ချင်း ကွင်းဝယ်လက်များ၊ အကျိုးဆောင်များကို ရောင်းချခြင်းထက် တောင်သူများ စုပေါင်း၍ ဆန်စက်များ၊ ကုမ္ပဏီများထံ တို-က်ရို-က်ညှိနှိုင်း တင်ပို့ရောင်းချခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်း ပိုမိုရရှိနိုင်ခြင်း၊ မိမိတို့ ဒေသအသီးသီးရှိ ဆန်စက်များ၊ ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့သည့် ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကန်ထရို-က်လယ်ယာစနစ်/ အာမခံဈေးနှုန်းစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကအကြံပြု တို-က်တွန်းထားသည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်လိုသော တောင်သူများအနေဖြင့်လည်း ညှိနှိုင်းစီစဉ် ဆောင်ရွက် ပေးရန် လိုအပ်ချက်ရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်ရန်နှင့် လတ်တလော စိုက်ပျိုးထုတ်လုပ်ထားသည့် ဧည့်မထ/ ငစိန် စပါးမျိုးများ ရောင်းချရာတွင် အခက်အခဲ ရှိလျှင်သော်လည်းကောင်း၊ သင့်တင့်မျှတသော ဈေးနှုန်းမရရှိလျှင်သော်လည်းကောင်း ဒေသအသီးသီးရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများသို့ဖြစ်စေ၊ ညီနောင်အသင်းအဖွဲ့များသို့ ဖြစ်စေ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်းနံပါတ် ၀၁-၂၁၈၂၆၆-၆၈, ၀၁-၂၃၀၁၁၂၈-၂၉၊ Viber ၀၉၄၀၀၀၆၇၂၄၀ သို့ ဖြစ်စေ ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားသည်။
