ကုန်သွယ်ရေးလိုငွေပြမှု မဖြစ်ပေါ်စေရေးအတွက် ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေကပြော သည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့၌ တိုးတက်ကောင်းမွန်စေရေးအတွက် အခြေခံကျသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ဗဟိုကော်မတီအနေ ဖြင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အစီအမံများရေးဆွဲခြင်း၊ လိုအပ်ချက်များကို ပြုပြင်ခြင်း၊ အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းတို့ဖြင့် ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းထုတ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များပူးပေါင်း၍ ပြည်ပဈေးကွက်ကို ပိုမိုရရှိအောင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု အကျိုးစီးပွား ပိုမိုဖွံ့ဖြိုးရေးကို ရှေးရှူဆောင်ရွက်ရန်လည်း ၎င်းက မှာကြားသည်။
ထို့ပြင် ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်ရေးကိစ္စရပ်များ၊ စက်သုံးဆီ/စားသုံးဆီ ဖြန့်ဖြူးမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရန်လည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
